Enlightened Myanmar Research Foundation (EMReF) သည် ပထမအကြိမ်လွှတ်တော် သက်တမ်းအတွင်း ဆောင်ရွက်မှုများကို ၂၀၁၅ ဒီဇင်ဘာလမှစတင်၍ ၂၀၁၆ ဇွန်လအထိ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လွှတ်တော်ဆိုင်ရာသတင်းအချက်အလက်များကို လွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ လွှတ်တော်ရုံးအဖွဲ့ ညွှန်ကြားရေးမှူးများနှင့် လွှတ်တော်ရုံးအဖွဲ့မှ သက်ဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကောက်ယူခဲ့ခြင်း ဖြစ်ပါသည်။
ပထမအကြိမ်လွှတ်တော်သက်တမ်း (၂၀၁၁-၂၀၁၆) အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ လွှတ်တော် အစည်းအဝေးများကျင်းပသည့် ပုံမှန်အစည်းအဝေး၊ အထူးအစည်းအဝေးနှင့် အရေးပေါ်အစည်းဝေး ဟူ၍ ရှိသည့်အနက် ပုံမှန်အစည်းဝေးကျင်းပသောအကြိမ်အရေအတွက်စုစုပေါင်းနှင့် ရက်စုစုပေါင်းအား လေ့လာရာတွင် အကြိမ်ရေအနည်းဆုံး ၁၁ ကြိမ်နှင့် အကြိမ်ရေအများဆုံးအားဖြင့် ၁၄ ကြိမ်ကျင်းပသည်ကို တွေ့ရသည်။ ပုံမှန်အစည်းဝေး ၁၁ ကြိမ်ကျင်းပသည်ကို ချင်းပြည်နယ်တွင်တွေ့ရပြီး ရခိုင်ပြည်နယ်တွင် ပုံမှန်အစည်းဝေး ၁၄ ကြိမ် ကျင်းပသည်ကို တွေ့ရှိရပါသည်။ ပုံမှန်အစည်းအဝေးကျင်းပသည့် ရက်စုစုပေါင်းအား လေ့လာရာတွင် အနည်းဆုံး ၃၆ ရက်နှင့် အများဆုံး ၁၄၆ ရက် ကျင်းပသည်ကို တွေ့ရှိရသည်။ ပုံမှန်အစည်းဝေး ကျင်းပသည့်ရက်အနေဖြင့် ၃၆ ရက်ကျင်းပခဲ့သည်ကို ကယားပြည်နယ် တွင်တွေ့ရပြီး ၁၄၆ ရက်ကျင်းပခဲ့ သည်ကို ရခိုင်ပြည်နယ်တွင် တွေ့ရှိရပါသည်။