၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၌ တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၉၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိသူ ၁ ဦး၊ အမျိုးသားလွှတ်တော်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၄၂ ဦး ယှဉ်ပြိုင်သည့်အနက် ၂ ဦး အနိုင်ရရှိခဲ့သည်။ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်များတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ် စုစုပေါင်း ၁၅၂ ဦးထိ ယှဉ်ပြိုင်ခဲ့ပြီး ၁ ဦးသာ အနိုင်ရရှိသည်။ တိုင်းရင်းသား ရေးရာကိုယ်စားလှယ်နေရာ ၂၉ နေရာတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၂၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၁ ဦး အနိုင်ရရှိခဲ့သည်။ သို့ဖြစ်ရာ လွှတ်တော်အရပ်ရပ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ် စုစုပေါင်း ၃၁၀ ဦး ယှဉ်ပြိုင်သည့်အနက် ၅ ဦး အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ပြောင်းလဲမှုများ (နိုဝင်ဘာ ၈၊ ၂၀၁၅ မှ ဇူလိုင် ၂၈၊၂၀၁၆ အတွင်း)
၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ အနိုင်ရရှိသော တစ်သီးပုဂ္ဂလကိုယ်စားလှယ်များရှိခဲ့သော်လည်း လက်ရှိ အချိန်တွင် လွှတ်တော်တွင်းရှိ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အမတ်များတွင် အပြောင်းအလဲအနည်းငယ်ရှိသည်။
တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်အရေအတွက် ပြောင်းလဲခြင်း
မူလက လွှတ်တော် ၃ ရပ်နှင့် တိုင်းရင်းသားရေးရာတို့တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၅ ဦး ရှိသော်လည်း လက်ရှိအချိန်တွင် ၄ ဦးသာ ကျန်ရှိပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်တွင် တစ်သီး ပုဂ္ဂလကိုယ်စားလှယ် မရှိတော့ပါ။
အကြောင်းမှာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ (၂၆) ရက် နေ့စွဲဖြင့် ထုတ်ပြန်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၆/၂၀၁၆) အရ ရခိုင်ပြည်နယ်လွှတ်တော်၊ စစ်တွေမဲဆန္ဒနယ် အမှတ် (၂) မှ အနိုင်ရတစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးသည် ရခိုင်အမျိုးသားပါတီ၏ ကိုယ်စားလှယ်အဖြစ်သို့ ပြောင်းလဲခဲ့ခြင်းကြောင့် ဖြစ်သည်။
သုံးသပ်ချက်
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၃၁၀ ဦးထိ ပါဝင် ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိသူဦးရေမှာ ၅ ဦးသာရှိသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၁.၆ ရာခိုင်နှုန်းသာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တို့သည် ပါတီတစ်ခု၏မူဝါဒကိုကိုင်စွဲ၍ ၊ ယင်းပါတီကို အမှီပြု၍ လွှတ်တော်တွင်းသို့ ဝင်ရောက်လာခြင်းမဟုတ်သည့်အတွက် သီးခြားလွတ်လပ်စွာရပ်တည်နိုင်သော အင်အားတစ်ရပ်ဖြစ်သည်။ သို့သော် လွှတ်တော်အသီးသီး၌ မဲဆန္ဒခံယူဆုံးဖြတ်သည့်ကိစ္စရပ်များတွင် ကိုယ်စားလှယ်အများစု၏ ထောက်ခံမှုကိုရရှိရန် များစွာကြိုးပမ်းရမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်တည်း၏ ဆန္ဒနှင့်အဆိုပြုချက်ကို လွှတ်တော်တွင် ပေါ်လွင်အောင်မြင်စေရန်မှာ မလွယ်ကူသောအခြေအနေဖြစ်သည်။ ထိုအခြေအနေကို ထင်ဟပ်သည့်သာဓကတစ်ခုမှာ အနိုင်ရတစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦး ၎င်း၏ ပြည်နယ်မှ မဲအများစုအနိုင်ရ တိုင်းရင်းသားအင်အားစုပါတီတစ်ခုသို့ ကူးပြောင်းသွားခြင်းဖြစ်သည်။
၎င်းပြင် ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်မှလွှတ်တော်ကိုယ်စားလှယ်ဟောင်းအချို့ ၂၀၁၅ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အောင်မြင်မှု မရရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
ထို့ကြောင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များအနေဖြင့် မိမိကိုယ်ပိုင်ရပ်တည်ချက်၊ ဆုံးဖြတ်ချက်ဖြင့် ပြည်သူအားကိုယ်စားပြုနိုင်သော လွှတ်တော်ကိုယ်စားလှယ်များဖြစ်လာရန် နှင့် ယင်းလွှတ်လပ်သည့် သီးခြား အင်အားစုကို လွှတ်တော်တွင်းနိုင်ငံရေးအင်အားစုတစ်ခုအဖြစ်ပြောင်းလဲကာ ပြည်သူလူထု၏ ယုံကြည်ကိုးစား မှုရရှိနိုင်ရေးတို့သည် အဓိကစိန်ခေါ်မှုများဖြစ်နေကြောင်း ရှုမြင်သုံးသပ်ရပါသည်။